11/12/2020
ပတ္တမြားထက်တန်ဖိုးရှိတဲ့...
အရောင်ရှိသော ဆန်များရဲ့ အဟာရတန်ဖိုး
အခုကမ္ဘာမှာခေတ်စားလာတာက အရောင်ရှိတဲ့ ဆန်တွေ (black rice, purple rice, red rice, brown rice) ကို အဟာရတန်ဖိုးစုံပါအောင် ရောပြီးထုတ်ပိုးရောင်းချလာကြသလို သီးသန့်တစ်မျိုးခြင်းစီအလိုက်လည်း ဈေးကောင်းကောင်းနဲ့ ရောင်းချလာပါတယ်။
Black rice, Red Rice, Mountain Red Rice, Red Cargo Rice ဆိုပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ တန်ဖိုးမြှင့်ဆန်များကို ဖွင့်ဖြိုးတဲ့ နိုင်ငံတွေမှာ တန်ဖိုးထားစားသုံး လာကြပါတယ်။
Red Rice ဆိုတာ ဆန်သားအပေါ်ယံ အနီရောင်ရှိတဲ့ လုံးတီးဆန်တစ်မျိုးပါပဲ။
ပုံမှန်လုံးတီးဆန်ဟာ အဖြူရောင်ညစ်ညစ် ဒါမှမဟုတ် ညိုတိုတို အရောင်ရှိပါတယ်။
ငချိတ်(Black rice) နဲ့ ဆန်နီ (Red Rice) ဆန်များဟာ ဆန်ရဲ့ အပေါ်ယံအလွှာ pericarp နဲ့ aleurone layer (ဆန်ကိုချောလိုက်ရင် ဖွဲဖြစ်သွားတဲ့ အပေါ်ယံမျက်နှာပြင်) မှာ အရောင်ချယ်ပစ္စည်း anthocyanins ပါဝင်တာကြောင့် ကျန်းမာရေးတွက် ပိုမိုကောင်းမွန်ပါတယ်။
flavonoid antioxidants များပါဝင်တာကြောင့် ကင်ဆာရောဂါများကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။ Thiamin (vitamin B1) ဗီတာမင် B1 ၊ Riboflavin (vitamin B2) ဗီတာမင် B2၊ fibre အမျှင်ဓါတ်၊ iron သံဓါတ် နဲ့ calcium ကြွယ်ဝပါတယ်။
ဆန်နီ (Red Rice) မှာ သံဓါတ် နဲ့ ဗီတာမင် ကြွယ်ဝတာကြောင့် သွေးနီဥ RBC (red blood corpuscles) ထုတ်လုပ်မှုကို ကူညီနိုင်စွမ်းရှိပါတယ်။ အသားအရေကိုလှပစေပါတယ်။
antioxidants များပါဝင်တာကြောင့်ရောဂါများကိုကာကွယ်နိုင်စွမ်းရှိပြီး selenium ပါဝင်တာကြောင့် ပိုးဝင်အနာရောဂါများကို သက်သာစေပါတယ်။
ဆန်နီ (Red Rice) မှာ glycemic index ပါဝင်မှုလျှော့နည်းတာကြောင့် သွေးတွင်းအချိုဓါတ် မြင့်မှုကိုနှောင့်နှေးစေတာကြောင့် ဆီးချိုရောဂါကို ထိမ်းနိုင်ပါတယ်။
Magnesium ပါဝင်မှုများတာကြောင့် ခန္တာကိုယ်တွင်း အောက်စီဂျင်လည်ပတ်မှုကို ကောင်းမွန်စေ တာကြောင့် ပန်းနာရင်ကြပ်ရောဂါမဖြစ်အောင် ကူညီကာကွယ်နိုင်စွမ်းရှိပါတယ်။
fibre အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် ဝမ်းမှန်စေပြီး အဆာခံတာကြောင့် ကိုယ်အလေးချိန်လျော့ချ လိုသူများအတွက်လည်း သင့်လျော်ပါတယ်။
ကိုလက်စထရော cholesterol levels လျှော့ကျစေတာကြောင့်နှလုံးသွေးကြောကျဉ်းရောဂါအတွက် အတွက်အထောက်အကူ ဖြစ်စေပါတယ်။
calcium and magnesium ပါဝင်မှု မြင့်မားတာကြောင့် အရိုးများကို သန်မာစေပါတယ်။
ကျွန်မတို့ မြန်မာဒေသမျိုးရင်းတောင်ယာ စပါးအများစုဟာ Red Rice လိုပဲ ဆန်သားအပေါ်ယံ အနီရောင်ရှိကြပါတယ်။
ကျွန်မဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ထမင်းတစ်နပ် ရှိခဲ့တယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဂျပန်နိုင်ငံက ကျွန်မနဲ့လုပ်ဖေါ်ကိုင်ဖက် ပညာရှင်များနဲ့အတူ ချင်းပြည်နယ်ကို ဒေသသီးနှံမျိုးနမူနာတွေ ရှာဖွေစုဆောင်းဖို့ သွားခဲ့တဲ့ ခရီးစဉ် တုန်းကပေါ့။ ချင်းပြည်နယ်က ရွာတွေဟာ သွားရအလွန် ခက်ခဲပါတယ်။ ကားလမ်းမပေါက်တဲ့ ရွာတွေများတယ်။
ကျွန်မတို့အဖွဲ့ မတူပီမြို့နယ်ထဲက ရွာတစ်ရွာကိုရောက်တော့ နေ့လည်စာစားချိန်လွန်နေပါပြီ။ ရွာထဲက မြန်မာစကားနားလည်တဲ့ ချင်းအမျိုးသမီးလေးတစ်ယောက်ကိုတွေ့တော့ ကျွန်မတို့အဖွဲ့ကို ထမင်းချက်ကျွေးပါ ကုန်ကျစရိတ်ပေးပါ့မယ် ဆိုပြီးအကူအညီတောင်းရပါတယ်။
ခြံထဲက လတ်လတ်ဆတ်ဆတ်သီးနှံရေလုံပြုတ်၊ အရိုးများများနဲ့ အိမ်ကြက် ဟင်းချိုချို၊ ငရုတ်သီးထောင်း၊ တောင်ယာဆန်နီနီထွေးထွေးလေးနဲ့ စားလို့ကောင်းလိုက်တာ ဂျပန်တွေလည်း ခေါင်းတောင် မဖေါ်နိုင်ပါဘူး။
ချင်းတိုင်းရင်းသူလေးကတော့ အားနာနေရှာတယ်။ ကျွန်မတို့ဆန်တွေက မကောင်းဘူး အနီတွေပဲရှိတာတဲ့။
ဒီဆန်နီနီတွေက ပိုတန်ဖိုးရှိကြောင်း သူ့ကိုရှင်းပြခဲ့ပါတယ်။
ချင်းပြည်နယ်နဲ့ နာဂဒေသက ရွာတွေရောက်တုန်းက သတိထားမိတာ တိုင်းရင်းသား အဖိုးအို၊ အဖွါးအိုများဟာ ပလိုင်းထဲမှာ အလေးအပင်တွေပိုးပြီး တောင်တက်တောင်ဆင်းလမ်းတွေကို နေ့စဉ်လိုလို မမောမပန်း ဒူးမနာ ခါးမနာ သွားလာနိုင်နေတာ သူတို့စားတဲ့ တောင်ယာဆန်နီနီကြောင့်များလား တွေးမိတယ်။
ဒီတော့ တောင်ယာဆန်နီနီတွေကို စားရလို့ မရှက်ကြပါနဲ့။ သူများနိုင်ငံတွေမှာ ဈေးကြီးပေးဝယ်စားနေကြတာ။ ဆန်နီနီကို ဖြူသွားအောင်မဖွတ်ပစ်ကြပါနဲ့။ အဲ့ဒီ အရောင်နီနီလေးတွေက ပတ္တမြားထက်တန်ဖိုးရှိတယ်နော်။
ပိုပြီးကောင်းတဲ့ ဆန်နီနီလေးတွေရဖို့လည်း ကျွန်မတို့ စပါးပညာရှင်တွေက ကြိုးစားသွားမှာပါ။
ကျွန်မတို့ရဲ့ ဒေသထွက်တောင်ယာဆန်နီနီလေးတွေကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်မယ်ဆိုရင် တောင်သူဦးကြီးများအတွက်လည်း ဝင်ငွေတိုးတက်နိုင်သလို ပြည်သူများ လည်း စျေးနှုန်းသက်သာစွာ စားသုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒေါက်တာဥမ္မာစော